ဘိုးတော်ဂါထာ

တစ်ခါက ရွာတစ်ရွာတွင် အလွန်ရိုးအသော လူပျိုကြီးတစ်ယောက်ရှိသည်။ သူများယောင်လို့ယောင် အမောင် တောင်မှန်းမြောက်မှန်းမသိ ဟူသောစကားသည် ထိုလူပျိုကြီးအတွက် ထားခဲ့ဟန်တူသည်။
သူများရှိခိုးလျှင် ရှိခိုး၏၊ သူများပူဇော်လျှင်ပူဇော်၏၊ ဘာမှအတွေးအခေါ်မရှိ၊ ထိုသူမျိုးမှ အလိမ်မခံရလျှင် အဘယ်သူအလိမ် ခံရမည်နည်း။ တစ်နေ့ သူတို့ ရွာထိပ်ဇရပ်တွင် ဂါထာအမျိုးမျိုးပေးနေသည်ဆိုသော ဘိုးတော်တစ်ယောက်ရောက်လာသဖြင့် လူပျိုကြီးသည် လူကြားထဲ့တွင် တိုးဝင်ကာအရောက်သွားခဲ့၏။
တစ်ခြားသူများ သူတို့လိုချင်သော ဂါထာမန္တာန် အသီးသီးကို ယူကြပြီးနောက် လူပျိုကြီးလှည့်အရောက်တွင်
ဘိုးတော်က...သားတော်ကြီးကရော ဘာဂါထာအဆောင်တွေများလိုချင်သလဲ...။
အိမ်ကို မီးမလောင်တဲ့ ဂါထာလို ချင်ပါတယ်..။
အိမ်းရစေ့မယ် ကဲ ဂါထာမပေးမယ်.... ဘဘုရား သာသနာပြုဖို့အတွက် ငွေငါးရာတော့ ကန်တော့ရမယ်။
ဒီ ဂါထာ တစ်ခြား ဂါထာတွေထက် ပိုထက်တယ်။အဲလိုနဲ့ လူပျိုကြီး မရှိမဲ့ ရှိမဲ့ ငွေလေး ငါးရာကို
ဘိုးတော်အား ကန်တော့လိုက်ရသည်။
ဘိုးတော်သင်ပေးလိုက်သော မီးကွင်း ဂါထာကား...
***မနောစက်စက်၊ တေဇောထွက်
ဝါတစ်ပိတ်သက်၊ ကြောင်တကက်***ဟူ၏။

လူပျိုကြီးကား ထိုဂါထာကို နေ့ ညဥ့်မပျက်၊ အမြဲတမ်းရွတ်ဖတ် သရဇ္ဈယ်ပါတော့သည်။
တစ်နေ့တွင် လူပျိုကြီးတို့ ရွာမီးအကြီးအကျယ်လောင်လေရာ မီးသတ်ကားရောက်နိုင်သော
အရပ်မဟုတ် သဖြင့် ကိုယ့်အထုပ်ကိုယ်ဆွဲကာ ပြေးကြရလေသည်။ သူများတွေကိုယ်အိမ်နား
မီးမရောက်ခင် အဖိုးတန်ပစ္စည်းလေးများ ထုပ်ပိုးနေကြသော်လည်း လူပျိုကြီးကား ဘိုးတော်၏
ဂါထာကိုသာ မျက်စိမှိတ်ပြီး ရွတ်နေသည်။ အခေါက်ပေါင်း ဘယ်လောက်ဟုပင် မမှတ်မိတော့၊
ကျောမီးပူဟပ်မှ လှည့်ကြည့်မိသောအခါ သူ့အိမ်နောက်ဖေး မီးစွဲနေသည်ကို တွေ့ရမှ
ဘာမှ မယူနိုင်ဘဲ လက်လွတ်ထွက်ပြေးရပါတော့သည်။ရွာထိပ်ရောက်သောအခါသူအားထား
နေသော ဂါထာဘိုးတော်နေသောဇရပ်ပါ မီးစွဲလောင်နေပြီကို
တွေ့ရသည်။ မီးလွတ်ရာတောတွင်းသို့ရောက်သည်အထိ သူ့ကိုယ်သူ အလိမ်ခံရသည်ကို
မရိပ်မိသေး၊ ဂါထာရွက်ပါလျှက်နှင့် သူ့အိမ် မီးမကွင်းသည်ကို မကျေမနပ်ဖြစ်ကား
ပွစိပွစိဖြစ်နေသည်။ထိုအခါရွာသားတစ်ယောက်က...ဘာတွေမကျေမနပ်ဖြစ်နေတာလဲဗျ
ဆိုတော့မှ ဂါထာအကြောင်းပြောပြလေသည်။
ဟောဗျာလူပျိုကြီးနှယ့် အ-ရန်ကော...စဉ်းစားကြည့်ပါဦး၊ ခင်းဗျားကို မီးကွင်းဂါထာပေးတဲ့
ဘိုးတော်တောင် သူနေတဲ့ ဇရပ် မီးလောင်လို့ ထွက်ပြေးသွားပြီ မဟုတ်လား။ကဲပြောပါဦး
လူပျိုကြီးရွတ် တဲ့ဂါထာ...အဓိပ္ပါယ်လေးဘာလေးတတ်သလောက်ဖော်ကြည့်ရအောင်...
သို့နှင် လူပျိုကြီးက-
မနော်စက်စက်၊တေဇောထွ့က် ၀ါတစ်ပိတ်သက်၊ ကြောင်တကက် ဟူသောဂါထာကို
ရွတ်ဆိုပြသောအခါ ထိုသူက လက်ခုပ်လက်ဝါးတီးပြီး တဟားဟားရယ်မောပြီး...
ကျုပ်အဓိပ္ပာယ်ဖွင့်ပြမယ်...
မနောစက်စက် - မနက်စောစောတဲ့
တေဇောထွ့က်ဆိုတာ - တောဈေးထွက်တဲ့ဗျ
ဝါတပိတ်သက် - ၀က်တစ်ပိသာတဲ့ဗျ
ကြောင်တကက်က - ကြက်တစ်ကောင်တဲ့ဗျ
ပေါင်းပြီးအဓိပ္ပါယ်ပြန်ရင် မနက်စောစောတောဈေးထွက်ပြီး ၀က်တစ်ပိသာနဲ့
ကြက်တစ်ကောင်ဝယ်ပါတဲ့၊ တခြား ဘာအဓိပ္ပါယ်မှ မရှိဘူး။
ထိုအခါကျမှ လူပျိုကြီးမှာ ခေါင်းငိုက်စိုက်ကျသွားပါတော့သည်။

အားလုံးကို ကျေးဇူးတင်ပါတယ်


0 comments:

Post a Comment